အိပ်စက်နည်းပုံစံအမျိုးမျိုးနှင့် ၎င်းတို့၏ အကျိုး၊ အပြစ်များ
ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်ခြင်းနဲ့ အိပ်ရေးဝဝ အိပ်စက်အနားယူနိုင်ခြင်းဟာ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တိုင်းအတွက် မရှိမဖြစ်အရာတွေပါပဲ။ ဒီလိုမျိုး အိပ်စက်တဲ့အခါ တော်တော်များများ မေ့ထားတတ်တာကတော့ မတူညီတဲ့ အိပ်စက်နည်းပုံစံတွေမှာ သူ့ကောင်းကျိုးအာနိသင်နဲ့ အားနည်းချက်တွေ ရှိတယ်ဆိုတာပါပဲ။
၁။ ပက်လက်အိပ်ခြင်း
တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေရဲ့ ၁၀% - ၁၅% လောက်ပဲ ဒီပုံစံနဲ့ အိပ်စက်အနားယူတတ်ကြပါတယ်။ ဒီလိုအိပ်စက်နည်းမှာ အားသာချက်အနေနဲ့
- ကြွက်သား၊ အရိုးအဆစ်များကို ပြေလျော့စေပြီး ကောင်းစွာအိပ်စက်နိုင်စေခြင်း
- ခါးရိုး၊ ဇက်ကြော တစ်ဖြောင့်တည်းဖြစ်သွားတာကြောင့် နာကျင်မှုဝေဒနာကို သက်သာစေခြင်း
- စားချဉ့်ရည် ပြန်ကန်တက်တဲ့ ပြဿနာကို သက်သာစေခြင်း
- နှာစေး၊ နှာပိတ် သက်သာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
အားနည်းချက်အနေနဲ့ကတော့ Sleep Apnea လိုမျိုး အိပ်နေရင်း အသက်ရှူမကြာခဏ ရပ်သွားတတ်သူတွေအတွက် အသက်ရှူလမ်းကြောင်းကို ပိုပြီးပိတ်သွားစေတတ်တာကြောင့် သတိပြုသင့်ပါတယ်။
၂။ ဘေးတစောင်း အိပ်ခြင်း
တစ်ကမ္ဘာလုံးရဲ့ လူအများစု ကြိုက်နှစ်သက်ကြတဲ့ အိပ်စက်ခြင်းအနေအထားပဲ ဖြစ်ပါတယ်။ ရိုးရိုးဘေးစောင်းအိပ်တာလည်း ရှိသလို ပုစွန်ထုပ်လို ကွေးပြီး အိပ်တဲ့အခါ အိပ်ပျော်ဖို့ ပိုမြန်နိုင်ပါတယ်။
သူ့ရဲ့ အားသာချက်တွေကတော့
- Sleep Apnea - အိပ်နေစဉ် အသက်ရှူရပ်တဲ့ပြဿနာကို သိသိသာသာ လျှော့ချပေးနိုင်ခြင်း
- စားချင့်ရည် ပြန်ကန်တက်ခြင်းကို သက်သာစေခြင်း
- အိပ်နေစဉ် ကောင်းစွာ အသက်ရှူနိုင်ဖို့ အဆင်ပြေခြင်း
- ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သွေးလည်ပတ်စီးဆင်းနှုန်း ကောင်းစေပြီး သန္ဓေသားထံ အောက်စီဂျင်ပမာဏ ပိုမိုသယ်ပို့နိုင်ခြင်း
- နှလုံးနဲ့ သွေးကြောကျဉ်းပြဿနာရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ဘယ်ဘက်ကို စောင်းအိပ်ခြင်းဖြင့် ဝေဒနာကို သက်သာစေနိုင်ပါတယ်။
အားနည်းချက်တွေအနေနဲ့ တစ်ညလုံးတောက်လျှောက် ခါးရိုးကို ကွေးထားတဲ့အခါ ခါးရိုးပိုမို တင်းမာစေပြီး ညောင်းကိုက်စေနိုင်တာကို သတိပြုသင့်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် တစောင်းအိပ်တဲ့အခါ ပုစွန်ထုပ်ကွေးပုံစံမဟုတ်ဘဲ ခြေထောက်ကို အဆန့်အတိုင်း ထားပေးလို့ ရပါတယ်။ ဘေးတစောင်းအိပ်သူတွေအနေနဲ့ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်တွေကို သေချာသန့်ရှင်းရေးမလုပ်ဘူးဆိုရင် ဝက်ခြံပိုပေါက်နိုင်တာကိုလည်း သတိပြုသင့်ပါတယ်။
၃။ မှောက်အိပ်ခြင်း
ဒီနည်းလမ်းကတော့ အိပ်စက်ခြင်းအနေအထားထဲမှာ လူကြိုက်အနည်းဆုံး အနေအထားလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ကလေးအရွယ်မှာ အများဆုံး မှောက်အိပ်တတ်ကြပြီး အသက်ကြီးလာတာနဲ့အမျှ ဒီအမူအကျင့်ဟာ ဖြည်းဖြည်းချင်း ပျောက်သွားလို့ ပက်လက်အိပ်တာ ဒါမှမဟုတ် ဘေးတစောင်းအိပ်တဲ့ အကျင့်ကို ကူးပြောင်းသွားနိုင်ပါတယ်။
သူ့ရဲ့ အားသာချက်တွေကတော့
- အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်ခြင်း၊ ဟောက်ခြင်းကို သက်သာစေနိုင်တယ်။
- ကလေးတချို့မှာ မှောက်အိပ်တဲ့အခါ မြန်မြန်အိပ်ပျော်စေနိုင်ပါတယ်။
အားနည်းချက်အနေနဲ့ SIDS လို့ခေါ်တဲ့ မွေးကင်းစကလေး ရုတ်တရက်သေဆုံးခြင်း ပြဿနာကို ဖြစ်နိုင်ခြေပိုများစေနိုင်တာကြောင့် နည်းနည်းတော့ သတိပြုသင့်ပါတယ်။
အိပ်စက်ခြင်းပုံစံကတော့ ယေဘုယျအားဖြင့် ၃ မျိုးရှိပြီး သူ့နည်းသူ့ဟန်နဲ့ အားသာချက်၊ အားနည်းချက်တွေရှိတာကြောင့် ကိုယ့်ရဲ့အကြိုက်နဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး သင့်တော်သလို ရွေးချယ်ပြီး အိပ်နိုင်ပါတယ်။ အကယ်လို့ ကိုယ်အိပ်နေကျ အနေအထားအတိုင်း သိပ်ပြီး အိပ်မပျော်နိုင်တဲ့အခါ အနေအထားပြောင်းအိပ်ပေးခြင်းဖြင့်လည်း ကူညီရာရောက်ပါတယ်။
အကယ်လို့ ကိုယ့်အနေနဲ့ ဘယ်လိုပုံစံနဲ့ အိပ်စက်သင့်လဲဆိုတာ သေချာသိချင်တယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ဖြစ်ဖြစ် တိုင်ပင်ဆွေးနွေးကြည့်နိုင်ပါတယ်ခင်ဗျာ။
ရဲမျိုးမြတ်